ချစ်ခြင်းမေတ္တာမှ ဝေးကွာရာ

ချစ်ခြင်းမေတ္တာမှ ဝေးကွာရာ ( Apollo )


ဆောင်းဦးရဲ့ ညတွေက တစ်ရက်ပြီးတစ်ရက် ဖြည်းဖြည်းချင်း တိုးဝင်လာပြီ။ ကမ္ဘာ့ဩဇာအပြင်းဆုံး ဘော်လွန်းဒေါဆုပေးပွဲကြီး နီးကပ်လာတာနဲ့အမျှ ကောလာဟတွေနဲ့အပြိုင် ဂုဏ်သိက္ခာကို ရိုက်ချမှုတွေကလည်း အနုနည်းနဲ့တစ်ဖုံ ၊ အကြမ်းနည်းနဲ့တစ်မျိုး သည်းကြီးမည်းကြီး ထန်လို့။ ဖုံးကွယ်လို့ မရတဲ့ အချက်အလက်တွေကိုတောင် ကမ္ဘာကျော်မီဒီယာတွေက လိမ်လိုက်ညာလိုက်နဲ့။ တချို့ကျပြန်တော့လည်း မထိုက်တန်ဘူးပြောကြ၊ ဘာကြောင့်လဲမေးတော့ ဆုဖလားတွေ၊ သွင်းဂိုးတွေ ယှဉ်ကြပြန်တော့ ဒီဆုဟာ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ အသင်းလိုက်အောင်မြင်မှုကို အချိုးကျ တွက်ချက်ပြီး ပေးတာဖြစ်ကြောင်းနဲ့ အသင်းနည်းပြတွေ၊ ကစားသမားတွေနဲ့ မီဒီယာတွေရဲ့ မဲပေးမှုတွေက ပိုပြီးအဓိကကျကြောင်း ပြန်ရှင်းကြနဲ့ ဘောလုံးရပ်ဝန်းမှာ တန်ပြန်လေများ တစ်နာရီလျှင် မိုင်ပေါင်းသောင်းချီ တိုက်ခတ်နေလျက်ရှိ​၏။

ထိုထိုလေများကို မမှုဘဲ ရှိရင်းစွဲ ပင်ကိုယ်သဘောအတိုင်း ငြိမ်သက်နေတာကတော့ ဘော်လွန်းဒေါလိုချင်သူတွေများနေတဲ့ကြားမှာ ဘော်လွန်းဒေါများနေသူ ကာယကံရှင်။ နှိုင်းယှဉ်မှုတွေဟာ စိတ်ရှုပ်စရာဖြစ်လို့ ကျွန်တော်က အကောင်းဆုံးပါဆိုပြီး တစ်ခါမှ မပြောဖူးသူ။ သူကတော့ ဒီဆုရရ မရရ အရေးမပါပါဘူး။ အာဂျင်တီးနားအတွက်ပဲ ဖလားယူပေးချင်ပါသေးတယ်ဆိုပြီး ကလေးတစ်ယောက်လို တတွတ်တွတ်ထိုင်ပြောနေဆဲပဲ။

ပြီးတော့ ဒဏ်ရာပြဿနာတဲ့။ အာဂျင်တီးနားအတွက် ကိုပါအမေရိကဖလားယူပေးခဲ့တုန်းက သွေးအလိမ်းလိမ်းနဲ့ ဘယ်ခြေတစ်ဖက်ဟာ အခုထက်ထိ မသက်သာသေးတာလား။ ဒါမှမဟုတ် သူရဲ့ ဒဏ်ရာဟာ ကိုယ်အနာတရ မဟုတ်ဘဲ စိတ်အနာတရများလားဆိုတာတော့ ကျွန်တော်တပ်အပ်မပြောနိုင်ပါဘူး။ သေချာတာကတော့ စိတ်အနာတရသာဆိုလျှင် အိမ်ပြေးတစ်ယောက်ရဲ့ အိမ်လွမ်းနာပဲ ဖြစ်ပါလိမ့်မယ်။

သူဖြတ်လျှောက်နေရတာဟာ နူးကမ့်မြက်ခင်းပြင် မဟုတ်ဘူး။
သူ့ဘေးမှာရှိနေတာဟာ လာမာစီယာမင်းသားတွေ မဟုတ်ဘူး။
အိမ်အပြန်လမ်းဟာလည်း ကတ်တလန်လမ်းမတွေ မဟုတ်ခဲ့ပြန်ဘူး။
သူချစ်သလောက်ပြန်ချစ်ခံရတဲ့ ရပ်ဝန်းဟာ အခုတော့ သူနဲ့ ဝေးရာမှာ…။

ဗုဒ္ဓက ပြောတယ်။ “မချစ်မနှစ်သက်သူတွေနဲ့ နေရတာ ဆင်းရဲခြင်းဖြစ်သလို ချစ်တဲ့သူနဲ့ ဝေးကွာနေရတာဟာလည်း ဆင်းရဲခြင်းပဲ”တဲ့။ ပင်ပန်းရတာပါပဲ။ တစ်ဖက်မှာ ပေးဆပ်သလောက် တန်ပြန်ရခဲ့ဖူးသူက တစ်ဖက်မှာကျ ပေးဆပ်ခွင့်တောင် မရှိသလိုလို။ အရာရာဟာ ကိုယ်ကချစ်ရပြီး ကိုယ့်ကိုချစ်တဲ့သူနဲ့တော့ ဘယ်တူမလဲ။ ချစ်ခြင်းမေတ္တာနဲ့ ဝေးရာပါ။ ဒါဟာ တကယ် စိတ်အဆင်မပြေရခြင်းပါပဲ။ မေတ္တာကို ရှေ့တန်းတင် အချစ်ကြီးတတ်သူအတွက်တော့ အနာတရဆိုတာ စိတ်ကနေပဲ လာတတ်တယ် မဟုတ်လား။

တကယ်လို့များ ဘော်လွန်းဒေါရခဲ့ရင်တောင် Leo Messi 34-yo / Argentina / FC Barcelona ရဲ့နောက်မှာ နာမည်တစ်ခု ကပ်ပါလာမှာကို ကျွန်တော် သဘောကျမိမယ် မထင်ဘူး။ ဒါအတွက်လည်း PSG ဟာ သူ့အတွက် အများကြီးပြန်ပေးရပါဦးမယ်။ ရုပ်ဝတ္ထုတွေ မဟုတ်ဘဲ စိတ်နွေးထွေးမှုတွေပေါ့။ သူလိုနေတာကလည်း Captain လက်ပတ်မဟုတ်ဘဲ ဦးစားပေးမှုပါ။ သူကိုယ်တိုင်က ဘယ်သူနဲ့မှ မတူတာမို့ တန်းတူထားမယ်ဆိုရင်တောင် မျှတတယ်လို့ ဆိုနိုင်ပါ့မလား။

​သူကတော့ သူ့ပုံစံအတိုင်း အနက်နဲဆုံးထိ ချစ်ပေးမှာပါပဲ​။ “You never lose by loving” တဲ့။ ချစ်လိုက်လို့ မင်းအနေနဲ့ ဘယ်တော့မှ မရှုံးဘူးဆိုတာကို ရင်ဘတ်ထဲထည့်ပြီး မွေးဖွားလာသူမလား။ သူဘယ်လောက်ချစ်တတ်လဲဆိုတာ ဘာစီလိုနာနဲ့ အာဂျင်ကို မေးကြည့်ရင် သိပါလိမ့်မယ်။

Frozen ကာတွန်းကားထဲမှာ Olaf ကပြောတယ် “Love is putting someone else’s needs before yours” တဲ့။ “အချစ်ဆိုတာ ကိုယ့်ထက် သူ့ကို ဦးစားပေးလိုက်ခြင်း” ပါပဲ။ ဒါကြောင့်လည်း ဘာစီလိုနာက သူ့ကိုလိုအပ်နေချိန်မှာ ဘယ်ကိုမှ ရှောင်မထွက်ဘဲ ဒုက္ခတွေ ခံပေးခဲ့တာ။ ဒါကြောင့်လည်း သူ့ကိုမထားနိုင်တော့ချိန်မှာ အိမ်ပြေးခဲ့တာ၊ စွန့်ခွာခဲ့တာပေါ့။ တကယ်လို့ သူသာဆက်နေမယ်ဆို မရရအောင် လုပ်ပြီး နေလို့ရပါတယ်။ အခု အသင်းက သူ့အတွက် အဆင်မပြေတော့မှန်းသိတော့ သူနေချင်တာတောင် ပေကပ်မနေတော့ဘူး။ ဒီိလိုနဲ့ အချစ်ကြီးသူများဆိုတဲ့ စာအုပ်ထဲမှာ လီယိုမက်ဆီဟာ စာမျက်နှာ ၁ မှာ ရှိတယ်။

တကယ်ပါ​။ PSG ဟာ သူ့အတွက် အများကြီးပေးတတ်ဖို့ လိုနေပါသေးတယ်။ ဒါပေမဲ့လည်း ဘာစီလိုနာမှ မဟုတ်တာပေါ့။

ချစ်ခြင်းမေတ္တာနဲ့ ဝေးရာပါ။
ဒါဟာ တကယ် စိတ်အဆင်မပြေရခြင်းပါပဲ။

မဟတ္တမဂန္ဓီရဲ့ စကားတစ်ခွန်းရှိတယ်။
အကြင်စိတ်၌ ချစ်ခြင်းသည် ဖြစ်ပေါ်လာ​၏
ထိုစိတ်သည်ပင်လျှင် ဘဝဖြစ်​၏ တဲ့။

ဒါကိုထပ်ပြီး ကိုးကားပြောရရင် –
အကြင်အရပ်ကား ချစ်ခြင်းနှင့် ဝေးကွာ​၏
ထိုအရပ်၌ မွေ့လျော်ခြင်းငှာ မစွမ်းသာ ပေါ့။

ပါရီမြို့ကြီး မည်မျှပင် ခမ်းနားစေကာမူ … ။

Apollo