ဘာစီလိုနာတို့ လာလီဂါချန်ပီယံဆုကို
နူတ်ဆက်ရပြန်ပြီ။
ဒါ အဆန်းတော့ မဟုတ်တော့ပါဘူး တဲ့။
အိုးး… ဘာတဲ့၊
ဒါ အဆန်မဟုတ်တော့ပါဘူး ဆိုပါလား။
ဒါဟာ ဘယ်လောက်တောင် နာကျင်စရာကောင်းတဲ့
ဟာသမျိုးလဲ။
ဘယ်မလဲ ဘာစီလိုနာဆိုတဲ့ အရှိန်အဝါ ?
ဘယ်မလဲ ဘာစီလိုနာဆိုတဲ့ အဆင့်အတန်း ?
ဟေး ဒီမယ်..
ပစ္စုပ္ပန်မှာ သုံးစားမရတဲ့ ရှေးဟောင်းတန်ဖိုးရှိ
ပစ္စည်းတွေကိုမှ စျေးကောင်းပေးဝယ်လိုတဲ့ ကိုယ့်လူများ !
မင်းတို့တွေ ခုပဲ ဘာစီလိုနာကို လေလံပစ်လို့ ရပါပြီ။
ဘာနေနေ လုံလောက်တဲ့အထင်ကြီးမှု မရှိတော့တဲ့
ဘာစီလိုနာဟာ ဝီစကီကို အဆိပ်နဲ့ ရောထားတဲ့
အဲ့ဒိ ခွက်ကို အလိုက်ကန်းဆိုးမသိ
မော့သောက်ခဲ့ပြန်ပြီမို့လား။
ဘယ့်နှယ့်လဲ
သံသရာရဟတ်ဟာ အနုနည်းနဲ့
မလိမ့်တပတ် လုပ်သွားပြန်ပြီမလား။
သံချေးတက်နေတဲ့ ငြိတွယ်မှုနဲ့
ဒီ ဘာစီလိုနာသံယောဇဥ်ကနေ ငါ ရုန်းထွက်သွားရင်
အဆင်ပြေမလား ??
ဟိုး ဟိုး.. မလုပ်ပါနဲ့ ကိုယ့်လူ
ဒီ လမ်းလေးကြောင့် ပျော်ရွှင်ရဖူးရင်
ဒီ လမ်းလေးကြောင့် ဝမ်းနည်းရတဲ့အခါမှာလဲ
အပြုံးမပျက်တတ်ဖို့ အရေးကြီးပါတယ်။
ပျက်ဆီးခြင်း သွေးအိုင်ထဲမှာ လူးလဲနေတဲ့
ဒီ လမ်းလေးကို ကြည့်ပြီး ပြုံးရတာလဲ
တကယ့် အရသာပဲ။
လောလောဆယ် မှန်တစ်ချပ်၊ နားကြပ်တစ်စုံနဲ့
ရော့ခ် အပြင်းစားတစ်ပုဒ်လောက်
အခန်းထဲ ပစ်ထည့်ထားလိုက်စမ်းပါ။
သံချေးတက်နေတဲ့ ရွှေအိုရောင် နေ့စွဲတွေ
ငါ ပြန်ဖမ်းချင်တယ်။

